02/09/2020
💥 COVID-19 မျိုးဗီဇပြောင်းခြင်း 💥
🔎 ဗိုင်းရပ်စ်တိုင်းမှာ မျိုးဗီဇပြောင်းလဲမှုဆိုတာ ဖြစ်တတ်ပါတယ်။ ဥပမာ-ရာသီတုပ်ကွေး ဗိုင်းရပ်စ်ဆို နှစ်တိုင်း မျိုးဗီဇပြောင်းလေ့ရှိလို့ နှစ်စဉ်ကာကွယ်ဆေးအသစ် ပြောင်းပြီးထုတ်ရတာမျိုးပါ။ COVID-19 မှာလည်း ဒီလိုမျိုး ပြောင်းလဲမှုတွေရှိပြီး တခြားဗိုင်းရပ်စ်တွေထက်တော့ သန္ဓေပြောင်းလဲတာ နှေးတယ်လို့ သိရပါတယ်။
📌 COVID-19 ဗိုင်းရပ်စ်မှာ လူ့ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေကို ကပ်ငြိဝင်ရောက်ဖို့ spike လို့ခေါ်တဲ့ ပရိုတင်း အချွန်လေးတွေ ပါပါတယ်။ အဲ့ဒီပရိုတင်းထဲမှာမှ အမိုင်နိုအက်ဆစ်ဓာတ် (၁၃၀၀)ခန့် ပါဝင်ဖွဲ့စည်းထားပါတယ်။
🔍 အဲဒီအထဲမှာ အမိုင်နိုအက်ဆစ်နံပတ် 614 ရဲ့မျိုးဗီဇဟာ Aspartic acid (D) ကနေ Glycine(G) ကို ပြောင်းသွားတာပါ။ D ကနေ G strain ကိုပြောင်းလို့ D614G (G614) လို့ နာမည်ခေါ်တာ ဖြစ်ပါတယ်။ ဒီလိုပြောင်းတာကို သိပ္ပံပညာရှင်တွေက မတ်လလောက်မှာ စပြီးသတိထားမိခဲ့ပါတယ်။
၁။ တရုတ်ပြည် ဝူဟန်မှာစတွေ့တာက L Strain အမျိုးအစား
၂။ ဥရောပတိုက်နဲ့ အီတလီမှာ G နဲ့ GR Strain
၃။ တောင်အမေရိကမှာ GR Strain
၄။ မြောက်အမေရိကမှာ GH Strain
၅။ အမေရိကန်နဲ့ စပိန်မှာ S Strain တွေ အတွေ့ရများပြီး
၆။ V Strain ဆိုတဲ့တစ်မျိုးလည်း ရှိပါတယ်။ ဒီ(၆)မျိုးမှာ Lနဲ့ Vမျိုးကွဲတွေဟာ ပျောက်ကွယ်လုနီပါး ရှိနေပါပြီ။ March နောက်ပိုင်းကစပြီး တစ်ကမ္ဘာလုံးမှာ အတွေ့ရအများဆုံး (၉၀%ကျော်)ဟာ G Strain တွေပါပဲ။
📌G614 ဟာ ဓာတ်ခွဲစမ်းသပ်မှုတွေအရ အရင်မျိုးစိတ်တွေထက် ရောဂါကူးစက်နှုန်း (၁၀)ဆနီးပါး ပိုမြန်တာ တွေ့ရပါတယ်။ ရောဂါပြင်းထန်မှုကတော့ အရင်ထက် လျော့နိုင်တယ်လို့ ယူဆထားကြပေမယ့်လည်း ခန္ဓာကိုယ်ထဲက ဆဲလ်အမျိုးအစား များစွာအတွက် တိကျသေချာတဲ့မှတ်ချက်တော့ မတွေ့ရသေးပါဘူး။
လက်တွေ့မှာတော့ G614 အဖြစ်များတဲ့ နိုင်ငံတွေမှာ ရောဂါကြောင့် သေဆုံးမှုနှုန်း (mortality rate)တွေက အရင်ထက် လျော့နည်းလာတာကို ဝမ်းမြောက်ဖွယ် တွေ့နေရပါတယ်။ G614 လူနာတွေကို စစ်ဆေးကြည့်ရင် ကိုယ်ထဲမှာ ဗိုင်းရပ်စ်ကောင်ရေ (viral load) များများတွေ့ရပေမယ့် ရောဂါပြင်းထန်မှု ပိုမိုတာမျိုးတော့ သိပ်မတွေ့ရတတ်ပါဘူး။ ဒီအကြောင်းရင်းတွေကိုလည်း ရှာဖွေနေကြရဆဲပါ။
🚨 ခုနောက်ပိုင်းမှာ ဒုတိယလှိုင်းပြန်စနေတဲ့ အာရှနိုင်ငံတွေနဲ့ အိန္ဒိယမှာ G614 က အများဆုံး တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း လက်ရှိအချိန်မှာ ပြည်ပကပြန်တဲ့သူများရဲ့ အဖြေက G614 တွေ့ရများလာလို့ ပြည်တွင်းကူးစက်နှုန်းလည်း အရင်ထက် သိသာစွာများလာပြီး ဒုတိယလှိုင်းအဖြစ် စတင်ခဲ့ပြီ ဖြစ်ပါတယ်။
💉 လက်ရှိမှာ ကာကွယ်ဆေး စမ်းသပ်ထုတ်နေတာက အရင်တုန်းက မျိုးဗီဇတွေပေါ် အခြေခံပြီး ထုတ်ခဲ့တာပါ။ အခုမျိုးဗီဇက G Strain ကို ပြောင်းသွားသော်လည်း အရင်စမ်းထားတဲ့ ကာကွယ်ဆေးရဲ့ အကျိုးအာနိသင်ကို မပြောင်းလဲစေနိုင်သေးဘူးဆိုတဲ့ သတင်းကောင်းလည်း ကြားသိရပါတယ်။
🔍 COVID-19 က မကြာသေးမီကမှ ပေါ်လာတာ ဖြစ်တဲ့အတွက် ပညာရှင်များဟာ ပိုးရဲ့သဘာဝနဲ့ ပြင်းထန်မှုတွေကို ယနေ့တိုင်လေ့လာနေရဆဲဖြစ်ပြီး တိကျတဲ့ ကာကွယ်ဆေးကို နိုင်ငံတိုင်း လက်လှမ်းမှီအောင် ထုတ်ပေးနိုင်ဖို့လည်း ကြိုးစားနေရဆဲပါ။
😷 ဒါကြောင့် ဘယ်လိုပင် မျိုးဗီဇပြောင်းလဲမှုများ ရှိနေပါစေ မိမိနဲ့မိသားစု၊ ပတ်ဝန်းကျင်မှာ ကူးစက်မှုမဖြစ်ဖို့ဟာ အရေးကြီးဆုံးမို့ သေချာတဲ့ ကာကွယ်ရေးနည်းများဖြစ်တဲ့
- လက်ကိုဆပ်ပြာ၊ ရေတို့ဖြင့် မကြာခဏဆေးခြင်း၊
- တစ်ဦးနဲ့တစ်ဦး ၆ပေကွာ နေထိုင်ခြင်း၊
- အပြင်ထွက်တိုင်း mask ကို သေချာဝတ်ဆင်ခြင်းစတဲ့ အခြေခံအကျဆုံး အချက်တွေကို တစ်ဦးချင်းဆီ အသိစိတ်ဓာတ်အပြည့်နဲ့ ဆက်လက်လုပ်ဆောင်ပြီး အတူတကွ ကာကွယ်ထားကြဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။
‘ကပ်ရောဂါဘေးမှ အမြန်ဆုံးလွတ်ကင်းပြီး ကျန်းမာပျော်ရွှင်ကြပါစေရန် အာရှတော်ဝင်ဆေးရုံ မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်’
Reference:
https://www.google.com/amp/s/www.medicalnewstoday.com/amp/articles/new-more-infectious-sars-cov-2-variant-does-not-cause-worse-symptoms